>
လေပြည်ညှင်းလျှင်
ပင်လယ်ပြင်မှာ၊ အသွင်သဏ္ဍာန်
ငြိမ်းချမ်းဟန်နှင့်၊ တေးသံဆိုလျက်
စည်းဝါးဖက်သို့၊ လှိုင်းကြက်ခွပ်လေး တလှုပ်လှုပ် ။
မုန်တိုင်းထန်လျှင်
ပင်လယ်ပြင်သည်၊ မာန်ဝင်ထန်သည်း
လှိုင်းလုံးကြီးတို့၊ စုစည်းထကြွ
တားမရတော့၊ ဒေါသ၀က်ဝက် ကွဲထွက်၏ ။
ကဗျာဆရာ
ဒို့ရင်မှာလျှင်၊ ပင်လယ်ပြင်သို့
အသွင်သဏ္ဍာန်၊ ၀န်းလည်ရံ၍
ရောင်ပြန်ထင်ဟပ်၊ ခေတ်၏ဇာတ်သည်
“ပြတ်ပြတ်သားသား ထင်စမြဲ” ။ ။
မောင်စိမ်းနီ
(တော်လှန်ကဗျာ- စာမျက်နှာ- ၃၆)
——————————————————–
” တော်လှန်ရေးသဘောတရား “
ကြောင်တို့သည်လျှင်
ကြွက်ကိုမြင်သော်၊ ဖမ်းချင် သတ်ချင် စားချင်မည် ။
တကောင်ချင်းလျှင်
အားခြင်းမမျှ၊ ယှဉ်မရ၍
ကြောင်က ကြွက်ကို နိုင်စမြဲ ။
သို့အတွက်
ကြွက်တို့သည်ကား၊ လှုပ်ရှားကာသာ
အလိမ်မာနှင့်၊ လွတ်ရာမြေအောက်
တိုးဝင်ရောက်၍၊ ကျင်းဖောက် ခိုလှုံ
အသိုက်အုံနှင့်၊ စုပြုံနေကြ
သမဂ္ဂကို၊ တည်ကြ ဆောက်ကြ
ညီညွတ်ကြလော့၊ အချိန် အခါ
ရောက်၍လာလျှင်၊ မဟာရန်ဘက်
ကြောင်အိုလက်အား၊ ချိုးဖျက်ရည်မြှော်
တိုက်ပွဲခေါ်ရန်၊ မြေပေါ်ထွက်ခဲ့ကြကုန်လော့ ။ ။
မောင်စိမ်းနီ
(တော်လှန်ကဗျာ- စာမျက်နှာ- ၄၉)
—————————————————————————————
“စာဖတ်တတ်သူအားလုံး ဖတ်ဖို့၊ စာမဖတ်တတ်သူ အားလုံး ကြားဖို့၊ မြင်သလို သိသလို အရင်းအတိုင်း ရေးသည်”
ဆိုသော ဆိုစကားဆိုသူ ကဗျာဆရာ မောင်စိမ်းနီ (ထိုစဉ်က- မောင်စိမ်းနီ (ကေသီပန်))၏ ကဗျာ (၁၀)ပုဒ်ထဲမှ ကဗျာနှစ်ပုဒ်ကို တော်လှန်ကဗျာများ အပိုင်း (၂)အဖြစ် ဆက်လက်ထုတ်နုတ်ဖော်ပြလိုက်ရပြန်ပါကြောင်း ။
(ကဗျာ စာလုံးပေါင်း သတ်ပုံ မူရင်းအတိုင်း)
Leave a Reply